အဆုတ်ရေဝင်ခြင်း ဆိုတာ
အချိန်တိုင်း အသက်ရှူဖို့အတွက် အဆုတ်ဟာ အရေးအကြီးဆုံး အင်္ဂါတစ်ခုပါ။ ရှူလိုက်သမျှလေတွေကို သန့်စင်ပေးပြီး ခန္ဓာကိုယ်က အောက်ဆီဂျင် လုံလောက်အောင်ရဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပြန်လည်စွန့်ထုတ်ပေးဖို့ အဆုတ်က အဓိကလုပ်ဆောင်ပါတယ်။
လူတွေရဲ့ အဆုတ်တစ်ခုစီကို ဖုံးအုပ်ထားတဲ့ အမြှေးပါးကလေးကို pleura လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အဆုတ်အမြှေးပါးအတွင်းမှာ အရည်အနည်းငယ် (10-20 ml ခန့်) သာရှိပြီး အဲဒီအရည်က အသက်ရှူသွင်း၊ ရှူထုတ်ချိန်မှာ အဆုတ်တွေ ကောင်းမွန်ချောမောစွာ လှုပ်ရှားဖို့ အကူအညီပေးပါတယ်။
အဆုတ်ရေဝင်ခြင်း သို့မဟုတ် အဆုတ်ရေဝိုင်းခြင်းဆိုတာ အဆုတ်အမြှေးပါးထဲက အရည်ပမာဏက ပုံမှန်ထက် များလာတာပါ။
ဘာကြောင့်ဖြစ်သလဲ?
အဆုတ်ရေဝင်ခြင်း ဖြစ်ရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။
(1) တခြားအင်္ဂါတွေက အရည်တွေ စိမ့်ဝင်လာတာ
အဖြစ်များဆုံးကတော့ နှလုံးပျက်စီးခြင်းကြောင့် နှလုံးက သွေးတွေကို ပုံမှန်မညှစ်နိုင်တော့ဘဲ နှလုံးဖုံးအမြှေးပါးထဲကိုရော၊ အဆုတ်ဖုံးအမြှေးပါးထဲကိုရော အရည်တွေစိမ့်ဝင်လာတာပါ။
အသည်းနဲ့ ကျောက်ကပ်ပျက်စီးရင်လည်း အလားတူ စိမ့်ဝင်မှုမျိုး တွေ့ရနိုင်ပါတယ်။
(2) ကင်ဆာ
အဆုတ်ကင်ဆာကြောင့် အဖြစ်အများဆုံးပါ။ တခြားနေရာက ကင်ဆာရောဂါတွေက အဆုတ်၊အသည်း၊ အရိုးနဲ့ ဦးနှောက်ကို အများဆုံးပျံ့နှံ့တဲ့အတွက် အခြားကင်ဆာရောဂါများမှာလည်း တွေ့ရတတ်ပါတယ်။
(3) ပိုးဝင်ခြင်း
နမိုးနီးယားအဆုတ်အအေးမိရောဂါနဲ့ တီဘီရောဂါတို့လို ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါတွေမှာ အဆုတ်ရေဝင်တာ အဖြစ်များပါတယ်။
(4) ကိုယ်ခံအားစနစ်ကို လွန်ကဲစွာတုံ့ပြန်မှုကြောင့် ဖြစ်တဲ့ရောဂါတွေ
သွေးလေးဘက်နာနဲ့(SLE) လေးဘက်နာအဆစ်ရောင်ရောဂါ (rhumatoid arthritis) တို့လို ရောဂါတွေမှာ အဆုတ်ရေဝင်ခြင်းပါ ဖြစ်တတ်ပါတယ်။
(5) အဆုတ်သွေးလွှတ်ကြောပိတ်ခြင်း
အဆုတ်သွေးလွှတ်ကြောမကြီးပိတ်တဲ့အခါမှာလည်း အဆုတ်ရေဝိုင်းနိုင်ပါတယ်။
နှလုံးကြောင့်ဖြစ်တဲ့ အဆုတ်ရေဝင်ခြင်းမှာ တွေ့ရတဲ့အရည်ဟာ အဆုတ်အမြှေးပါးရဲ့ဘပုံမှန်အရည်နဲ့ အတူတူဖြစ်ပြီး ပမာဏအရမ်းမများရင် ထုတ်ပစ်ဖို့ မလိုအပ်ပါဘူး။
ကင်ဆာ၊ နမိုးနီးယားနဲ့ တီဘီကြောင့်ဖြစ်တဲ့ အဆုတ်ရေဝင်ခြင်းမှာတော့ သွေး၊ ပရိုတင်း၊ ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေ ပါဝင်နေတတ်ပြီး အများအားဖြင့် ထုတ်ပစ်ဖို့ လိုအပ်နိုင်ပါတယ်။
ရောဂါလက္ခဏာအနေနဲ့ အဓိကကတော့ မောတာ၊ အသက်ရှူကြပ်တာပါ။ ရင်ဘတ်အောင့်တာ၊ ချောင်းဆိုးတာ၊ ဖျားတာတွေလည်း တွေ့ရတတ်ပါတယ်။
အဆုတ်ရေဝင်တာကို သေချာသိရဖို့အတွက်
- ရင်ဘတ်ဓာတ်မှန်ရိုက်တာ
- ကွန်ပြူတာဓာတ်မှန် (CT) ရိုက်တာ
- တယ်လီဗေးရှင်းဓာတ်မှန် (ultrasound) ရိုက်တာတွေကနေ သိနိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
အဆုတ်ရေဝင်ခြင်း ဖြစ်စေတဲ့ အဓိကအကြောင်းကို ကုသရပါမယ်။
တီဘီရောဂါအတွက် တီဘီဆေးပေးခြင်း၊ နမိုးနီးယားအတွက် ပိုးသတ်ဆေးပေးခြင်း၊ နှလုံးပျက်စီးခြင်းအတွက် ဆီးဆေးပေးခြင်းတို့က အဆုတ်ရေဝင်ခြင်းထပ်မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။
ပမာဏအရမ်းများရင်တော့ အရည်ဖောက်ထုတ်ကုသရပါမယ်။
-အပ်နဲ့စုပ်ထုတ်တာ
-အဆုတ်အမြှေးပါထဲပိုက်ထည့်ထားပြီး ထုတ်တာ
-လိုအပ်တဲ့ဆေးတွေကို ပိုက်ကတဆင့် အဆုတ်အမြှေးပါးထဲထည့်ပြီး ထည့်ပြီး အဆုတ်အမြှေးပါးနဲ့ ရင်ခေါင်းတို့ကပ်သွားကာ နောက်ထပ်ရေမဝင်နိုင်အောင်လုပ်တာ
-ရင်ခေါင်းကိုဖွင့်ပြီး ဒါမှမဟုတ် မှန်ပြောင်းထည့်ပြီး ဆဲလ်သေတွေနဲ့ အရည်တွေ ဖယ်ရှားတာတွေ လုပ်လို့ရပါတယ်။
အဆုတ်ရေဝင်တယ်ဆိုတာ အရေးကြီးတာမို့ မပေါ့ဆသင့်ပါဘူး။ ဖြစ်စေတဲ့ရောဂါတွေကလည်း အသက်အန္တရာယ်ရှိသည်ထိ စိုးရိမ်ရတာမို့ ဘာကြောင့်မောမော၊ မောပြီးချောင်းဆိုးရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသ တိုင်ပင်ဖို့လိုပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်